နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၊ မြို့မဈေးနှင့်မြဝတီရပ်ကွက် ရေဆိုးထုတ်မြောင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြို့မဈေးသန့်ရှင်းသာယာလှပရေးနှင့် မြဝတီရပ်ကွက်အတွင်း ရေဆိုးထုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက တပ်ကုန်းမြို့မဈေး၊ ဈေးအတွင်းနှင့်ဈေးဆိုင်ခန်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသွင်ကိုကိုဝင်း၊ ဈေးတာဝန်ခံ ဦးမျိုးညွန့်တို့က မြို့မဈေးဧရိယာ ၆ ဒသမ ၁၃ ဧက၊ စျေးရုံ ၄၇ရုံ၊ ဆိုင်ခန်းပေါင်း ၁၀၉၂ခန်း၊ ပျံကျစျေးသည်စုစုပေါင်း ၆၂၅ဦး ရောင်းချကြောင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့မဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ စိတ်အေးချမ်းစွာ ရောင်းဝယ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးအတွင်း၊ အပြင် သန့်ရှင်းသာယာရေးလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီ သာမာန်ခွင့်ပြုရန်ပုံငွေဖြင့် မြဝတီရပ်ကွက်၊ မြို့တွင်းရန်ကုန် -မန္တလေးကားလမ်းမှ မြဝတီတိုးချဲ့ (ဆ) လမ်းထိ ဆောင်ရွက်ထားသည့် အရှည် ၁၂၅၀ ပေ၊ အကျယ် ၄ပေ၊ အနက် ၄ ပေရှိ ရေဆိုးထုတ်မြောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ရေဆိုးထုတ်မြောင်း သတ်မှတ်စံချိန်၊ စံညွှန်းကိုက်ညီရေး၊ အချိန်မီလုပ်ငန်း ပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)