မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုရန်ပုံငွေဖြင့်  စိုက်ပျိုးထားသည့် သင်ပုတ်ကျေးရွာမှ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုရန်ပုံငွေများဖြင့် စိုက်ပျိုးထားသည့် သင်ပုတ်ကျေးရွာမှ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆောင်းနေကြာစိုက်ခင်းများကို သင်ပုတ်ကျေးရွာ၌ ကွင်းအမှတ်(၁၆၀/၂)၊ ကွင်းအမှတ်(၁၆၅)ရှိ တောင်သူများဖြစ်သည့် ဦးအောင်မောင်းမှ (၅)ဧက၊ ဒေါ်ခိုင်ဆွေဝင်းမှ (၃)ဧက၊ ဦးမျိုးလွင်မှ (၃)ဧက၊ ဒေါ်ညိုညိုမှ (၃)ဧက၊ ဦးကျော်နိုင်မှ (၄)ဧက၊ ဒေါ်လှိုင်မှ (၄)ဧက၊ ဦးကိုကိုဦးမှ (၃)ဧက၊ ဦးအေးမင်းထွန်းမှ (၃)ဧက၊ ဒေါ်ရီရီမြင့်မှ (၄)ဧက၊ ဒေါ်တင်မာဦးမှ (၃)ဧက စုစုပေါင်း(၃၅)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်စေရေး မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာမှဝန်ထမ်းများမှ ဒေသနှင့်ကိုက်ညီသည့်နေကြာမျိုးများ၊ သွင်းအားစုများနှင့် သိပ္ပံနည်းကျ စိုက်နည်းများဖြစ်သည့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့်မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ (၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးခြင်းနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး တစ်ဧကမျိုးစေ့ (၃)ပြည်နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးစေခြင်း၊ သတ်မှတ်အပင်ဦးရေ (၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား (၉)လက်မဖြင့် (၁)ကျင်းလျှင် မျိုးစေ့(၂)စေ့နှုန်းဖြင့် စိုက်ပျိုးစေခြင်း စသည့် နည်းစနစ်များ ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)