ရွှေပြည်သာ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရွှေပြည်သာမြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ (ကျုချောင်) သုသာန်မြေအဖြစ် အသုံးပြုရာတွင် ပါဝင်သော မြေများလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်္ဂလာဒုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက မြေလျော်ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သိမ်းဆည်းခံတောင်သူ (၃) ဦးတို့၏ မြေဧရိယာ (၂၇.၆၆) ဧကအတွက် ကျပ်သိန်းပေါင်း (၂,၇၆၆,၀၀၀,၀၀) (နှစ်ထောင်ခုနှစ်ရာခြောက်ဆယ်ခြောက်သိန်း) အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဘွေကျုံးနှင့် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီးဥက္ကဋ္ဌ ဦးမြင့်ဦးတို့က ပေးအပ်ခဲ့ပြီး မြေလျော်ကြေးရတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မြေလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ မင်္ဂလာဒုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေပြည်သာမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ကြသည်။
နေမျိုးထွန်း