နန်းမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်ရှေးဟောင်းအဆောက်အဦများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ချမ်းအေးသာစံ  ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်(မန္တလေးဌာနခွဲ)မှတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ရှိ ရှေးဟောင်းအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှညွှန်ကြားရေးမှူးဒေါက်တာ သန်းထိုက်နှင့်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြနန်းစံကျော်ရွှေနန်းတော်ဆောင်များအား မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေး အတွက်ကြိုတင်ပြင် ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှု၊ မီးငြှိမ်းသတ်ယာဉ်များဝင်/ထွက်သွားလာနိုင်မှုလမ်းကြောင်းများနှင့် ရေရရှိမှုအတွက် ဆောင်ရွက်ထားရှိမှု၊ မီးငြှိမ်းသတ်‌ရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်မည့်နေရာများအား စစ်ဆေးမှု များကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက ရွှေနန်းတော်ကြီး တာဝန်ခံဦးစီးအရာရှိအား လိုအပ်သည်များကို အကြံပြုမှာကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူးကြီးကြပ်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်များရှိ လူနေအိမ်များ၊ စက်ရုံများ၊ အလုပ်ရုံများတွင်မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများနှင့်အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်