သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ   ဖေဖော်ဝါရီ  ၁၅

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်ဉ် (၄ /၂၀၂၄)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် ကခရိုင်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ဌာနလုပ်ငန်းများကို မားမားမတ်မတ်ရပ်တည်ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိကဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသောဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များတင်ပြကြရာ ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၏ တင်ပြချက်အရ ၂၀၂၄ ခုနှစ်၊သန်းခေါင် စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်(၈)ရပ်ရှိသည့်အနက် GIS နည်းပညာကို အသုံးပြု၍မြေပုံများရေးဆွဲခြင်း၊ စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းလုပ်ငန်းကို ၁၅-၁-၂၀၂၄မှစတင်၍သံတွဲခရိုင်အတွင်းရှိရပ်ကွက် (၁၉)ရပ်ကွက်၊​ ကောက်ကွက်ပေါင်း (၁၀၃) ကွက်တွင် စာရင်းကောက်ယူ​ဆောင်ရွက်လျက်ရှိရာ ယနေ့အထိကောက်ကွက်ပေါင်း (၂၉)ကွက် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုများတွင် စာရင်းကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ စိတ်ပါဝင်စားသူများအား ရွေးချယ်ခန့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)