ရိုးဂိုးကျေးရွာတွင် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၂၀၀) ဧက ဖော်ထုတ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ရိုးဂိုးကျေးရွာအတွင်းရှိ ကွင်းအမှတ် (၈၁၂) တောင်သူ (၃၆) ဦးပိုင်ဆိုင်သော လယ်ယာမြေဧက ၂၀၀ အား စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ သန်း (၉၀) ဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

ထိုသို့ အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းဖြင့် မြေပြင်ညီညာ၍ ရေကိုလိုအပ်သလို အသုံးပြုနိုင်ခြင်း၊ ပုံသဏ္ဍန်မှန် ဧကအကွက် ကျယ်များကြောင့် စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရန်နှင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း၊ စပါးရိတ်သိမ်းစက်များဖြင့် အချိန်မီ ရိတ်သိမ်းနိုင်ခြင်း၊ စက်မှုလယ်ယာစနစ် ကူးပြောင်းကျင့်သုံးလာသည်နှင့်အညီ သီးထပ်စိုက်စွမ်းအားနှင့် သီးနှံအထွက်တိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကို တောင်သူများရရှိလာနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်