နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်ရေလယ်ဘုရား ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရား ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကန်တော်မင်္ဂလာရှမ်းကန်ကြီးသည် ပျဉ်းမနားမြို့၏ ကျက်သရေဆောင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၇၂၀ ခန့်ကတည်ရှိနေခဲ့သည်ကို လေ့လာသိရှိရပါကြောင်း၊ ယခုအခါ နှစ်ပရိစ္ဆေဒကြာမြင့် လာသည့်နှင့်အမျှ နုန်းများ၊ သဲများ ပြည့်လာခြင်းကြောင့် ကန်အတွင်းရှိ ရေမှာလည်း တိမ်ကောလာသည့်အတွက် ရေကန်ပြန်လည်တူးဖော်ခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေကန်ပြန်လည်တူးဖော်ခြင်း၊ သဲနုန်းများအား စက်ယန္တရားများဖြင့် ဆယ်တင်ခြင်းလုပ်ငန်းများကို ၁၉၈၈ ခုနှစ်ကတစ်ကြိမ် တူးဖော်မွမ်းမံခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများနှင့် ရေကန်ပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင်ကိုလည်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း၊ လူလျှောက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကန်တော်မင်္ဂလာရှမ်းကန်ကို အများပြည်သူ လာရောက်အပန်းဖြေ အနားယူနိုင်သည့် ပျဉ်းမနားမြို့၏ အထင်ကရနေရာတစ်ခုအဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိ/မြို့ဖများ၊ အလှူရှင်များအနေဖြင့် ရေကန်ပြန်လည်တူးဖော်အဆင့်မြှင့်တင်ရာတွင် တစ်တပ်တစ်အား ကုသိုလ်ပါဝင်လှူဒါန်းကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပျဉ်းမနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီး အမြဲမပြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်  ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့၏ အထင်ကရနေရာ မင်္ဂလာကန်တော်ရှမ်းကန်ကြီးကို သန့်ရှင်းသာယာလှပပြီး အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုအဖြစ် ရေရှည်တည်ရှိနေရန်အတွက် မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူလူထုများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် မြို့မိ/ မြို့ဖများနှင့် အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။

ယနေ့ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက တတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီမှတဆင့် အလှူရှင် ၂၂၄ ဦးမှ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း ၃၇၀၀ ကျော် ပါဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်တို့ အသစ်တည်ဆောက်ခြင်း၊ လူလျှောက်လမ်းတံတားအသစ် တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်  ကန်တော်မင်္ဂလာရှမ်းကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ်သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)