တွံတေး ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန (၁) ခုအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စာစစ်ဌာနဖြစ်သော အ.ထ.က (၁) တွံတေးတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စာစစ်ဌာန စာမေးပွဲဖြေဆိုနေစဉ် မီးလန့်မှုများ၊ မီးလောင်မှုများမဖြစ်ပွားစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးခင်ဇော်၊ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိုးတို့၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မိမိတို့မြို့နယ်ရှိ စာစစ်ဌာနအားမီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံ ရေပုံနှင့် သဲ၊ ရေအသင့်ထားရှိဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)