လားရှိုး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီး၍ ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် ယာယီအိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများ ကောက်ယူနေမှုများကို လားရှိုးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် ကော်မတီဝင်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များသည် ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် ယာယီအိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများ လက်တွေ့ကွင်းဆင်းကောက်ယူနေသည့် ရပ်ကွက် (၁၀) သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများကောက်ယူခြင်း ကော်မတီဝင်များက လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ ရပ်ကွက်အလိုက် အဆောက်အအုံမြေပုံများကို ဂျီပီအက် (GPS) ထောက်၍ အဆောက်အအုံအမှတ်စဉ်၊ အိမ်ခန်းအမှတ်စဉ်၊ အိမ်ထောင်စုအမှတ်စဉ်၊ အိမ်ထောင်ဦးစီးအမှတ်စဉ်နှင့် တည်နေရာလတ္တီကျူ၊ လောင်ဂျီကျူများကို ကောက်ယူ၍ ဆာဗာထဲသို့ထည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)