မိုင်းတုံ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာရှိ ဦးအောင်ဇေယျဘုန်းကြီးကျောင်းတိုက်၌ (၃၃)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ဦးလုတင်က ရွတ်ဖတ်ပူဇော်ခြင်း၊ရွှေတောင်တောရကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဦးမောင်ရွှေမှ ပဋ္ဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေစေတီကျောင်းတိုက်ဆရာတော် ဥူးပညာဒီပမှ ပဋ္ဌာန်းဒေသာနာတော် ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းန်းအမွမ်း ဖတ်ကြားပြီးနောက် သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပဋ္ဌာန်း (၂၄)ပစ္စည်း (၃)ခေါက် သံပြိုင်ရွတ်ဆိုပြီး အလှည့်ကျဆရာတော် ဦးစန္ဒိမာမှ အဘိဓမ္မာ (၇)ကျမ်းကို စတင် ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဦးအောင်ဇေယျ ဘုန်းကြီးကျောင်းတိုက်တွင် ပြုလုပ်သော (၃၃)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်များမှ အလှည့်ကျဖြင့် ၁၅-၂-၂၀၂၄ ရက်နေ့မှ ၂၂-၂-၂၀၂၄ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ကြောင်း သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)