မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း၍ ဝိန်းလိတ်ကျေးရွာရှိ ခန်းမဆောင်တွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်မောင်ဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူနှင့် တာဝန်ရှိသူတို့က တောင်ယာမီးရှို့ရှင်းလင်းလေ့ရှိသည့် ရာသီရောက်တော့မည်ဖြစ်ရာ ကျေးရွာနေပြည်သူများအနေဖြင့် အလှည့်ကျစနစ်ဖြင့် တောင်ယာမီးရှို့ရေး၊ သဘာဝမီး၊ တို့မီး၊ ရှို့မီးနှင့် အခြားပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း မီးခိုးမြူငွေ့များ ကျရောက်နိုင်သည့် အခြေအနေများ၊ မဆင်မခြင်တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ ညစ်ညမ်းမီးခိုးငွေ့များကြောင့် ဖြစ်စေတတ်သည့် ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်များနှင့် မြေဆီလွှာထိန်းသိမ်းရေးနည်းလမ်းများကို ကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)