ဝိုင်းမော်မြို့နယ်တွင် စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောဆောင်ရွက်

ဝိုင်းမော် ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်းဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိပညာပေး ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ ဦးအိုက်လောင်း ဆန်စက်နှင့် မုတ်လွဲကျေးရွာနေ ဦးသန်းလွင် ပိုင်ဆိုင်သည့် ဆန်စက်တို့တွင် အသိပညာပေး ဟောပြောပွဲများကို တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးမှု ဆောင်ရွက်ရာတွင် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းစိုးက စပါးခွံ လောင်စာသုံး ဆန်စက်လုပ်ငန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းမှ ထွက်ရှိလာသည့် ရေဆိုးရေညစ်များအား ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု လျော့နည်းစေရေး ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ရေဆိုးရေညစ်များအား စနစ်တကျစီမံဆောင်ရွက်မှုမရှိပါက ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား ဆွေးနွေးဟောပြောခဲ့ပြီး ဌာနတွင် ဝန်ထမ်းများက  စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစနစ်အကြောင်း သိကောင်းစရာများ စာတမ်းပါ လက်ကမ်းစာစောင်များအား တက်ရောက်လာသူများထံ ဝေငှပေးခဲ့ကြသည်။

အဆိုပါ စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောရာသို့  မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော်နှင့် ဝန်ထမ်းများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ပြီး လုပ်ငန်းရှင်များမှ သိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)