ပင်းတယ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များအနက် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး” စသည့်ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရမှ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ” ကိုထူထောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက် မတည်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၅)ဘီလီယံရရှိခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်း၊ MSME လုပ်ငန်းများအတွက် ငွေချေးယူလိုသည့် အစုအဖွဲ့တင်ပြချက်များကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ စိစစ်ပြီး ဒေသရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလာမှုအပေါ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း(SOP)ပါ လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့်အညီ မတည်ထောက်ပံ့ငွေ ထုတ်ချေးထားရှိရာ ယနေ့အထိ စိုက်ပျိုးရေးကဏ္ဍတွင် ငွေကျပ် (၂၂၂၉ ဒသမ ၈၇)သန်း၊ မွေးမြူရေးကဏ္ဍတွင် ငွေကျပ် (၈၄၇ ဒသမ ၅၃)သန်း၊ အခြားစီးပွားရေး ကုန်ထုတ်လုပ်ငန်းများတွင် ငွေကျပ် (၃၁၅၈ ဒသမ ၁၀)သန်း၊ ကဏ္ဍအလိုက် စုစုပေါင်းမတည်ထောက်ပံ့ငွေကျပ် (၆၂၃၅ ဒသမ ၅၀)သန်းအား ထုတ်ချေးပေးနိုင်ခဲ့ပြီး အတိုးပြန်လည်ရရှိမှုအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ငွေကျပ်(၁၂၀ ဒသမ ၇၄၈၃၂)သန်း၊ မွေးမြူရေးကဏ္ဍတွင် ငွေကျပ် (၄၁ ဒသမ ၅၃၆၀၈)သန်း၊ အခြားစီးပွားရေး ကုန်ထုတ်လုပ်ငန်းများတွင် ငွေကျပ် (၁၄၀ ဒသမ ၃၁၇၂)သန်း၊ ကဏ္ဍအလိုက် စုစုပေါင်းငွေကျပ် (၃၀၂ ဒသမ ၆၀၁)သန်း ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သန်း (၁၀၀၄)သန်းအား ထုတ်ချေးပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေကြသည့် အစုအဖွဲ့များအနေဖြင့် ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်နေသည့်လုပ်ငန်းအပေါ် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြပြီး လိုအပ်ချက်များ၊ အခက်အခဲများဖြစ်ပေါ်လာပါက ဝိုင်ဝန်းတိုင်ပင်၍ သုံးသပ်အဖြေရှာပြီး နိုင်ငံတော်၏ ရည်မှန်းချက်များကို အောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများအား ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့ရာ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်အစုအဖွဲ့များကိုယ်စား အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)