ဖယ်ခုံ နို၀င်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲနေ့၌ မဲရုံများတွင် တာ၀န်ထမ်းဆောင်မည့် ၀န်ထမ်းများ နှင့် အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်များက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သတ်မှတ်နေရာ အသီးသီးတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရှိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နို၀င်ဘာလ ၇ ရက်နေ့ထိ နေ့စဉ်နံနက် ရှစ်နာရီမှ ညနေခြောက်နာရီအတွင်း ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ကြောင်း သိရှိရသည်။
သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကျန်းမာရေးမကောင်းသူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲရုံပေါင်း ၁၁၀ ရုံထားရှိသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်) စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၆၆၀၅၀ ဦးရှိကြောင်း သိရှိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)