ဟိုပုံး ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးဦးတည်ချက်၌ တစ်ခုအပါအဝင်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်သားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် ဦးတည်ချက်နှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စတော်ဘယ်ရီ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းများဖြင့် ဆောင်ရွက်ချက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာ၊ ရန်ကင်းရွာ၊ ကန်တန်းရွာ၊ ထမ်းချာရွာ၊ လွယ်အွန့်ရွာနှင့် ဖာလွိုင်ကျေးရွာများတွင် ဆောင်းရာသီ၌ တောင်သူအများစုသည် စတော်ဘယ်ရီသီးနှံကို အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ခရီးသွားပြည်သူများကို ဆွဲဆောင်လျက်ရှိသည်။ စတော်ဘယ်ရီသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ်များပြားပြီး အထွက်နှုန်းကောင်းမွန်ရေးအတွက် သွင်းအားစုများထည့်သွင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တလမ်းမှ အထောက်အကူပြုစေမည့် စတော်ဘယ်ရီစိုက်တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိသည်။
ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးမှုများပြားသည့် စတော်ဘယ်ရီစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းကို ပိုမိုတိုးတက်အောင်မြင်အောင်မြှင့်တင်ပေးခြင်းဖြင့် ဒေသခံတောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဈေးကွက်ဝင်အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော စတော်ဘယ်ရီသီးနှံရရှိစေခြင်း၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရရှိနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ်၌ စိုက်ပျိုးမှုများပြားသည့် စတော်ဘယ်ရီစိုက်တောင်သူများသည် ရန်ကင်းစတော် ဘယ်ရီအစုအဖွဲ့အဖြစ် ရန်ကင်း၊ ဖာလွိုင်၊ တုံခမ်း၊ ကန်တန်း၊ လွယ်အွန့်စသည့် ကျေးရွာ(၅)ရွာမှ တောင်သူ(၁၀၈)ဦးဖြင့် စတော်ဘယ်ရီအစုအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။ အဆိုပါ ရန်ကင်းစတော် ဘယ်ရီအစုအဖွဲ့တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တောင်သူဦးခွန်ထွန်းစိန်က ပြောပြရာတွင် ကျွန်တော်တို့ ဟိုပုံးမြို့နယ်မှာ ဒေသရဲ့ ရေမြေ၊ ရာသီဥတုနဲ့ ကိုက်ညီတာကြောင့် စတော်ဘယ်ရီ စိုက်ပျိုးရတာ တောင်သူတွေအဆင်ပြေကြပါတယ်။ စတော်ဘယ်ရီက ဒေသထွက်ရောင်းတန်းဝင်သီးနှံတစ်မျိုးဖြစ်ပြီး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်အောင်နဲ့ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးရေးဌာနကလည်း ကူညီဆောင်ရွက်ပေးတယ်၊ မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးနိုင်လို့ ရန်ကုန်၊ နေပြည်တော်တို့လို အဝေးကမြို့တွေထိ တင်ပို့ရောင်းချနိုင်တယ်၊ ကိုယ်မြို့မှာလည်း ခရီးသွားပြည်သူတွေကို ဆွဲဆောင်နိုင်ပြီး ဈေးကောင်းရရှိလို့အဆင်ပြေကြပါတယ်။ ဟိုပုံးမြို့နယ်မှာ လွယ်အွန့်၊ ကန်တန်း၊ ထမ်းချာ၊ ဖာလွိုင်ကျေးရွာတွေမှာ စတော်ဘယ်ရီအစုအဖွဲ့အနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာနဲ့ ကျပ်သိန်းပေါင်း (၅၀)ခန့်ကို ရယူဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ စီမံကိန်းကာလသတ်မှတ်၍ ချေးငွေများထုတ်ချေးပေးထားသည်။ စတော်ဘယ်ရီကို ရန်ကင်းကျေးရွာမှ တောင်သူ(၉၉)ဦးစိုက်ပျိုးထားသည့် စိုက်ဧက(၉၄)ဧက၊ ဖာလွိုင်ကျေးရွာမှ တောင်သူ(၂)ဦး စိုက်ပျိုးထားသည့် (၁)ဧက၊ တုံခမ်းမှ တောင်သူ(၂)ဦးစိုက်ပျိုးထားသည့် (၁.၅၀)ဧက၊ ကန်တန်းမှ တောင်သူ(၃)ဦး စိုက်ပျိုးထားသည့် (၂.၅၀)ဧကနှင့် လွယ်အွန့်ကျေးရွာမှ တောင်သူ(၂)ဦး စိုက်ပျိုးထား သည့် (၁)ဧက စသည့် တောင်သူ(၁၀၈)ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည့် စိုက်ဧက (၁၀၀) ပါဝင်ကြောင်း သိရသည်။ စတော်ဘယ်ရီပင်သည် တစ်ဧကလျှင် ပျိုးပင် (၁၀၀၀၀) ဝင်ဆံ့၍ ကုန်ကျစရိတ်မှာ ကျပ်သိန်း(၁၄၀)ကျော်ရှိပြီး စတော်ဘယ်ရီတစ်ဧက၏ အထွက်နှုန်းမှာ စတင်ခူးဆွတ်သော ဇန်နဝါရီလမှ မေလအထိ စုစုပေါင်း ပိဿာ(၂၈၀၀)ခန့် ထွက်ရှိမည်ဖြစ်ပြီး တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း(၆၅၀၀)ကျပ်ရရှိလျှင် တစ်ဧက ဝင်ငွေကျပ်(၁၈၂)သိန်းခန့် ရရှိ၍ တစ်ဧကစိုက်ပျိုးမှုအတွက် အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၄၀)ခန့်ရ ရှိခံစားရမည်ဖြစ်သည်။
ဟိုပုံးမြို့နယ်တွင် နှစ်စဉ်စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်ကထက် ဈေးကောင်းပိုမိုရရှိကြောင်း စတော်ဘယ်ရီစိုက်တောင်သူများက ပြောပြသည်။ ဒီနှစ်မှာ ဈေးကောင်းလည်း ပိုမိုရရှိသလို စိုက်ပျိုးစရိတ်လည်း ပိုကုန်ပါတယ်။ မြေဩဇာ ဈေးတွေ၊ လုပ်သားခတွေ အရင်နှစ်ကထက် ပိုပြီးကြီးမြင့်လာတယ်။ စတော်ဘယ်ရီသီးက အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဍာန်က ထုလုံးချွန်ပုံ၊ ဘဲဥပုံအမျိုးမျိုးရှိကြပြီး ဂျပန်သီးလို့ခေါ်တဲ့ အမာမျိုးကို စိုက်ပျိုးကြတာများပါတယ်။ ဂျပန်မျိုးကကြာရှည်ခံတာကြောင့် နယ်ဝေးပို့လို့အဆင်ပြေတယ်။ စတော်ဘယ်ရီကို ဧပြီလ သင်္ကြန်ပြီးကာလမှာ စတင်ပျိုးထောင်ပြီးနောက် စိုက်ပျိုးရန်ပြုပြင်၍ ဇူလိုင်လမှာ စတင်စိုက်ပျိုးရပြီး ဒီဇင်ဘာလထဲဝင်လာရင် အသီးစပြီး ခူးရပါတယ်။ စတင်ခူးရတဲ့ အချိန်မှာ အထွက်နှုန်းနည်းပါတယ်။ စတော်ဘယ်ရီခူးချိန်ရောက်ရင် (၃)ဧက စိုက်ပျိုးထားတဲ့ စိုက်ခင်း သုံးရက်မှာ တစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးဆွတ်ရင် တစ်ပိဿာ သုံးဆယ်ကျပ် သားဝင်တဲ့ရေပုံး(၇၀)ကျော် ခူးဆွတ်ရပါတယ်။ ယခင်နှစ်က ရေပုံးတစ်ပုံးကို ကျပ်တစ်သောင်း ရောင်းရပြီး ယခုနှစ်မှာတော့ စတင်ထွက်ရှိချိန်မှာ တစ်ပုံးကို ကျပ်တစ်သောင်းသုံးထောင်ကနေ တစ်သောင်းခွဲထိ ရောင်းရပါတယ်။ ဇန်နဝါရီ (၂၀)ရက်ကျော်လျှင် ပိုမိုများပြားလာမည်ဟု စတော် ဘယ်ရီစိုက်တောင်သူက ပြောပြသည်။
ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီသီးကို ထိုင်ဝမ်အပျော့၊ ကောမတ်(ခေါ်)အမာသီးမျိုး၊ ဂျပန်နှင့် မြန်မာမျိုးစပ်ထားတဲ့ ဂျပန်သီး၊ ဒေသသီး၊ လိပ်ပြာသီး၊ ရုပ်ဆိုးသီးစသည့်ဖြင့် စိုက်ပျိုးကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းချေးငွေဖြင့် စတော်ဘယ်ရီသီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးပိုမိုအဆင်ပြေစေမည်ဖြစ်ပြီး နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တလမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ပန်းခရေ (ဟိုပုံး)