မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းစံ ဖေ‌ဖော်ဝါရီ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၈၀) ကို သယ်ဆောင်၍  မြို့အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများထံမှ ယခင်အပတ်ငှားရမ်းထားသော စာအုပ်၊ စာစောင်များ ပြန်လည်အပ်နှံမှုကို လက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)