မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ရွာနှင့် ဝိန်းကောင်ရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်တို့နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ရွာနှင့် ဝိန်းကောင်ရွာရှိ အမှန်တကယ်ထောက်ပံ့ရန်လိုအပ်သော အိမ်များသို့အရောက်သွား၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်း၊ အိမ်အတွက်လိုအပ်သော အမိုး၊ အကာပြင်ဆင်မှုများ ကူညီပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။
လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံခြင်းလုပ်ငန်းအတွက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးကို ထောက်ပံ့ရန်ကျန်ရှိနေသော ကျေးရွာအိမ်ခြေများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)