မိုင်းခုတ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုကိုလင်း (အမေ့အိမ်) ရေးသားသော "လူကြီးတွေကစပြင်ပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှု့သည့်အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ကျွန်မတို့က အချိန်နဲ့ပတ်သတ်ပြီး အသိအမြင်အားနည်းတယ်လို့ ဆိုရမှာပါပဲ၊ အချိန်ကိုအလကားရတယ်လို့ ထင်မှတ်နေတတ်ပါတယ်၊ အချိန်ဟာ အကန့်အသတ်မဲ့နေတယ်လို့တွေးထင်နေတတ်ပါတယ်၊တကယ်တော့ ကိုယ်နေရမယ့်အချိန်ဟာ အကန့်အသတ်မဲ့ပါရဲ့လား၊ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးရှိရှိအသုံးချတတ်ခြင်းဟာ လူ့ဘဝကို အကျိုးရှိရှိဖြတ်သန်းခြင်းပဲဖြစ်ပါတယ်၊ အချိန်ကို လေးစားခြင်း မလေးစားခြင်း၊တန်ဖိုးထားခြင်း မထားခြင်းဟာ လူတစ်ယောက်ရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်ပါလိမ့်မယ်၊ ဘဝဆိုတာ အချိန်တွေနဲ့ဖွဲ့စည်းထားပါကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဌနှင့် အဖွဲ့၀င်များက" လူကြီးတွေကစပြင်ပါ"၊ "စာကိုလည်းသင် စိတ်လည်းပြင်"၊ "ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတဲ့မေးခွန်း"၊ "ဘဝထဲက ပညာ"၊ "လူ့ဘဝကိုအချိန်နဲ့ဖွဲ့စည်းထားတယ်" စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်းစာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု့ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)