မောက်မယ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကလေးသူငယ်များ၏ အခွင့်အရေး၊ ကလေးအလုပ်သမားပပျောက်ရေး ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ကလေးအလုပ်သမားအများဆုံးတွေ့ရှိရသည့် နေရာဒေသများအခြေအနေ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မိမိပတ်ဝန်းကျင်တွင် ကလေးအလုပ်သမားတွေ့ရှိပါက ဆက်သွယ်ဆောင်ရွက်ရမည့်ဌာနနှင့် အဖွဲ့အစည်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်များ၊ ကလေးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကလေးများအား မတရားခိုင်းစေခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများအပြင် လုပ်အားခများကို အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်း၊ မောက်မယ်မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းလုပ်ဆောင်နေမှုအခြေအနေများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)