ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံဆွေးနွေး

 

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် မြိုနယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်က ရေဆင်းဆည်ရေသောက်စနစ်အတွင်း နွေစပါးစိုက်ပျိုးရန် ရေစတင်ပေးဝေခြင်းမပြုမီ ဆောင်းသီးနှံများ ရိတ်သိမ်းနိုင်ရေး၊ ရေအဆင်ပြေစွာပေးဝေနိုင်ရေး လယ်ကြားမြောင်းများ တူးဖော်‌ဆောင်ရွက်ကြရန်၊ သက်တမ်းတိုပြီး ဈေးကွက်ရှိသော စပါးမျိုးအား ရွေးချယ်စိုက်ပျိုးရန်၊ နွေစပါးပန်တိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ကြရန် ညှိနှိင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက နွေစပါးစိုက်ပျိုးရာသီအမီ ရေပေးမြောင်းများ ရှင်းလင်းပြုပြင်ဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့မှုအပေါ် ဆောင်ရွက်မည့်အစီအမံအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြိုနယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များက သစ်တပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၀၇)ကွင်း ရေဆင်းဆည်ရေသောက်ဧရိယာ အတွင်း နွေစပါးရေပေးဝေနိုင်ရေး RC-2 လက်ခွဲ၊ မိုင်နာ-၄ မြောင်း ပြန်လည်တူးဖော်ခြင်းနှင့် ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)