နောင်တရား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ထောပတ်ဥယျာဉ်ခြံအတွင်း၌ သီးညှပ်အဖြစ် စိုက်ပျိုးသည့် ဝဥစိုက်တောင်သူများပြားလာသော်လည်း ဝဥရောင်းဝယ်ရာတွင် ဈေးကောင်းရရှိမှု မရှိနေကြောင်း သိရသည်။
“နောင်တရားဒေသမှာ ထောပတ်ဥယျာဉ်ခြံတွေ စိုက်ပျိုးမြေဧရိယာ၏ ငါးပုံတစ်ပုံခန့်က ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးကြမယ်လို့ ခန့်မှန်းမိပါတယ်၊ ကျွန်တော်တို့ရွာမှာဆို ထောပတ်ဥယျဉ်ခြံ တော်တော်စိုက်ဖြစ်ပါတယ် ထောပတ်သီးနှံတစ်မျိုးတည်း ရေရှည်ရပ်တည် လို့မရတော့ ဝဥတွေကို ကြားညှပ်သီးနှံအဖြစ် ၂၀၂၀ ခုနှစ်လောက်ကစပြီး စတင်စိုက်ပျိုးကြပါတယ်၊ စတင်စိုက်တဲ့နှစ်မှာ ဝဥကဈေးကောင်းတယ်ပြောရမယ် အခြောက်တစ်ပိဿာကို ကျပ် ၁၀၀၀၀ ကျော်အထိ ရောင်းရတယ် အဆိုကိုတော့ ကျပ် ၄၀၀၀ အထိရောင်းရတယ် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ယခုနှစ်မှာတော့ အခြောက်တစ်ပိဿာကို ကျပ် ၄၀၀၀၊ အဆိုတစ်ပိဿာကို ကျပ် ၁၅၀၀ နဲ့ဘဲရောင်းရတော့ အကျိုးအမြတ်တော့မရှိဘူး ဝဥက စိုက်ပျိုးရေးစရိတ်နည်းလို့တော်သေးတယ်လို့ ပြောရမယ်” ဟု ဆောင်ဖိုင်ကျေးရွာမှ ဝဥစိုက်တောင်သူတစ်ဦးက ပြောသည်။
ဝဥအဆို ခြောက် ပိဿာလျှင် အခြောက်တစ်ပိဿာ ရရှိပြီး ဝဥ စိုက်ပျိုးသည့် သက်တမ်းမှာ ခြောက်လအထိရှိသည်။ သို့သော် ဝဥစိုက်ပျိုးရန်အတွက် အရိပ်အတော်အသင့်ရှိသောနေရာတွင် စိုက်ပျိုးနိုင်သည့်အတွက် ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများက စိတ်ဝင်စားကြသည်။ ခိုင်မာသည့် ဝဥဈေးကွက်ရရှိရန် ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများက လိုလားကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)