မိုးနဲမြို့နယ်၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ ၆ ရက်မြောက်နေ့ သံဃာအပါး ၄၁၅ ပါး ဝင်ရောက်ဖြေဆိုမည်

မိုးနဲ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက်စုရပ်နေရာနှင့် ရွှေကျောင်းတော်စုရပ်နေရာများ၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်လုံးဆိုင်ရာ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း သံဃာ ၄၁၅ ပါး ဆက်လက်ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ စတင်ဖြေဆိုချိန်မှစ၍ ဆွမ်း၊ ကွမ်း၊ ခဲဘွယ်များ အခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ မိုးနဲမြို့နယ်၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲအား အလယ်တန်းပထမနှစ်တွင် ၁၁ ပါး၊  မူလတန်း တတိယနှစ်တွင် ၆၂ ပါး၊ မူလတန်းဒုတိယနှစ်တွင် ၁၄၉ ပါး၊ မူလတန်းပထမနှစ်တွင် ၁၃၈ပါး၊  Kg တန်းတွင် ၅၅ ပါး စုစုပေါင်း ၄၁၅ ပါးကို ကြီးကြပ်ကိုယ်တော် ၄၁ ပါးဖြင့် ကြီးကြပ်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှလည်း သံဃာတော်များဖြေဆိုနေချိန်တွင် ကျန်းမာရေးဆိုင်ရာပြဿနာများ မဖြစ်ပေါ်စေရေး တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)