နေပြည်တော် ဖေဖော်ဝါရီ ၁၅
၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းရှင်များ ဈေးကွက်ရရှိမှုအခြေအနေများပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းကို ယမန်နေ့ည ၇ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီး တပေါင်းကွင်းအတွင်းရှိ ကွပ်ကဲရေးရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသပေးခဲ့ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ တိုင်း/ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ဖလှယ်နိုင်ရေး၊ ပြည်တွင်းမှ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး MSME လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရေး၊ MSME ထုတ်ကုန်များခင်းကျင်း ပြသပေးခြင်းအားဖြင့် ပြည်သူများ အမြင်ကျယ်လာရေး၊ ကောက်စိုက်စက်၊ အစေ့ချစက်လေးတွေကို တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ စွန်းဦးတီထွင်သည့် လုပ်ငန်းငယ်များကိုလည် အားပေးပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ ဒေသထွက်MSMEထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်းပြသရောင်းချမှုအခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် အခြားသောထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်း ပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ လုပ်ငန်းများအတွက် အကြံဉာဏ်အတွေးအခေါ်ကောင်းများ ရရှိစေခြင်းစသည့်ရည်ရွယ်ချက်များဖြင့် MSME ပြခန်းများ ခင်းကျင်းပြသရခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များအား စုံလင်စွာခင်းကျင်းပြသ ဆောင်ရွက်သွားခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း အရည်အသွေးမြင့် ထုတ်ကုန်များ ခင်းကျင်း ပြသနိုင်ရေး၊ ဒေသတွင်း ရိုးရာအစားအစာများ ခင်းကျင်းပသနိုင်ရေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အများပြည်သူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက် ကြည့်ရှုခဲ့ကြောင်း၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် အားလုံးက ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပေးခဲ့ကြောင်းနှင့် ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီး တပေါင်းကွင်းအတွင်းရှိ ကဇာတ်ရုံတွင်ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာနနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)