လယ်ဝေးမြို့နယ် MAX Myanmar ဘိလပ်မြေစက်ရုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်​

လယ်​ဝေး ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်နှင့် ပျဥ်းမနားခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လယ်ဝေးမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် MAX MYANMAR Manufacturing Co;Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘိလပ်မြေစက်ရုံတွင်ကျင်းပသည်။

ရှေးဦးစွာ စက်ရုံမှူးကိုယ်စား ဒုစက်ရုံမှူးဒေါ်ခင်မာဌေးနှင့် လယ်ဝေးခရိုင်နှင့် ပျဥ်းမနားခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်တို့က သင်တန်းဖွင့်အမှာစကား ပြောကြား သည်။ ဆက်လက်၍ သင်တန်းနည်းပြများက သင်ခန်းစာများ စတင်ပို့ချသင်ကြားသည်။

သင်တန်းတွင် လယ်ဝေးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်လင်း၊ တိုင်းဂုဏ်ထူးဆောင်တပ်ဖွဲမှုးဦးတင်ငွေ၊ မြို့နယ်ဂုဏ်ထူးဆောင်တပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်၊ မြို့နယ်တပ်ခွဲမှုးဒေါ်ခင်မာဝင်း၊ မြို့နယ်ဂုဏ်ထူးဆောင်တပ်ခွဲမှူး ဒေါ်ရင်နုနှင့် ဒေါ်မူမူသန်းတို့က ရှေးဦးပြုစုခြင်းဘာသာရပ် ၆ မျိုးအား စာတွေ့လက်တွေ့သင်ကြားပို့ချသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၄ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)