တာမွေ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ (၆) နာရီအချိန်မှ ည (၁၀) နာရီ အချိန်အထိ ၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
“သမီးတို့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က လာရောက်တာပါ။ ဒီနေ့ပြည်ထောင်စုနေ့မှာ အလုပ်ကလည်းပိတ်ထားတော့ သူငယ်ချင်းတွေနဲ့အတူ ဒီပွဲတော်မှာ လာရောက်လည်ပတ်ရင်းအပန်းဖြေတာပါ။ ဒီရောက်တော့ ပင်ပန်းတာတွေအကုန်လုံးပျောက်သွားသလိုပဲ။ နောက်ပြီး မီးရှူးမီးပန်းတွေပစ်ဖောက်တာကိုလည်း အနီးကပ်မြင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်” ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။
အဆိုပါ ၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ အပန်းဖြေလာရောက်ကြသူများ မျက်စိပဿဒဖြစ်စေရန်နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ရောင်စုံအလှဆင်မီးများစွာဖြင့် ဆင်ယင်ပြသထားသလို စိတ်အပန်းပြေစေရန်အတွက်လည်း တေးဂီတဖျော်ဖြေပွဲကို စီစဉ်ပေးထားပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ တေးဂီတဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်ပေါင်းများစွာ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် လာရောက်လည်ပတ်ကြသူများ စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စေရန်အတွက်လည်း ည (၉) နာရီခွဲအချိန်တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခဲ့ရာ ပွဲတော်လာပြည်သူများ စိတ်ပေါ့ပါးလန်းဆန်းစွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)