ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၄
ပူပြင်းခြောက်သွေးသည့် နွေရာသီကာလ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ မီးအသုံးပြုသူ ပြည်သူများ၊ အစိုးရဌာနများနှင့် အလုပ်ရုံ/စက်ရုံများနှင့် အခြေခံပညာ ကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိပြုမူရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများအား၊ မြို့နယ်တိုင်းတွင် အရှိန်အဟုန်ဖြင့် စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ၊ ယနေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး၊ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်လင်း ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များသည်၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ မီးဘေးကြိုတင် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ ၊လှေကားများ စနစ်တကျ ပြုပြင် ထားရှိမှုအခြေအနေများနှင့် မီးသတ်ဆေးဗူးများ သက်တန်းလွန်ခြင်းရှိ/မရှိ၊ အသုံးပြုရ/မရတို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ အရေးပေါ် မီးသတ်ရေကန်များ၊ ရေပိုက်များ တတ်ဆင်ထားရှိခြင်း ရှိ/မရှိနှင့် အလွယ်တကူ အသုံးပြုနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက လျှပ်စစ်မှ မီးလောင်မှုကင်းဝေးစေရေး၊ အမှိုက်သရိုက်မီးရှို့ခြင်းများမှ မီးကူးစက်လောင် ကျွမ်းမှု မဖြစ်စေရေးနှင့် မီးလောင်လွယ်သည့် လောင်စာများ ကင်းရှင်းအောင် ဆောင်ရွက်ရေးတို့ကို အသိပညာပေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)