မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့်(၁)နှင့် အမှတ်စဥ်(၁၂) စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ရော်ဘာသည် လူတိုင်းနေ့စဥ်အသုံးပြုနေသည့် ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစေးခြစ်နည်းပညာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် မိမိတို့စိုက်ကွက်များတွင် အသုံးချနိုင်သလို ရော်ဘာစိုက်တောင်သူများသို့ နည်းပညာများ ပြန်လည်ပို့ချပေးနိုင်ကြောင်းနှင့် မျိုး၊ ရေမြေအနေအထားကောင်းမွန်သော်လည်း အစေးခြစ်လုပ်သားကျွမ်းကျင်မှုမရှိပါက အရည်အသွေးကောင်းမရနိုင်ကြောင်း၊ ပျက်စီးမှုများပြီး အပင်ထိခိုက်မှုများ၍ ရေရှည်တည်တံ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း ဖြစ်နိုင်မည်မဟုတ်သောကြောင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုနည်းပညာကို သေချာစွာလေ့လာသင်ယူကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ရော်ဘာပညာရှင် ဆရာ​ကြီးဦးဝင်းတင်နှင့် မော်လမြိုင်ခရိုင် နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ရော်ဘာကျွမ်းကျင်မှုသင်တန်း၊ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာများက ကချင်၊ ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်တို့မှ သင်တန်းသား/ သူ(၃၀)ဦးအား စာတွေ့လက်တွေ့ဖြင့် (၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)