ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်မိုးမိုးဦးက စာဖတ်ဝိုင်းတွင် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်းအနည်းငယ် ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ကလောင်စုံ ရေးသားသည့် “လူငယ်များ၏မိုးကောင်းကင်” စာအုပ်ထဲမှ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “လူငယ်များသို့ ပြောချင်သည်” ခေါင်းစဥ်ပါစာအကြောင်းအရာကို Book Club အဖွဲ့ဝင် ဒေါ်စန္ဒာကလည်းကောင်း၊ အဆိုပါစာအုပ်ထဲမှ စာရေးဆရာမ နန်းမိုခမ်း ရေးသားသည့် “ခေတ်မီချင်လျှင်စာဖတ်ပါ” ခေါင်းစဥ်ပါ စာအကြောင်း အရာကို Book Club အဖွဲ့ဝင် မနှင်းနဒီဝေကလည်းကောင်း မိမိတို့ရွေးချယ်ထားသည့် ခေါင်းစဉ်အလိုက် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာ ကလောင်စုံရေးသားထားသည့် “လူငယ်များ၏ မိုးကောင်းကင်” စာအုပ်ထဲမှ ဖော်ပြပါ စာရေးဆရာနှစ်ဦး၏ ခေါင်းစဥ်ပါ စာအကြောင်းအရာဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးရခြင်းဖြင့် စာဖတ်သူလူငယ်များအနေဖြင့် ယခုကဲ့သို့ ပြောင်းလဲတိုးတက်နေသောခေတ်တွင် အနည်းဆုံး ဘွဲ့တစ်ခုခုရအောင် ကြိုးစားသင့်ကြောင်း၊ မိမိဘဝမှာ ဘာဖြစ်ချင်သည်ဆိုသော ရည်မှန်းချက်ရှိရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ရှိမှ ဝိရိယရှိသည်၊ ကြိုးစားသည် ဖြစ်ကြောင်း၊ လူငယ်များစာဖတ်ခြင်းဖြင့် စိတ်ကိုသိမ်မွေ့စေကြောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစေနိုင်ကြောင်း၊ ခေတ်မီချင်လျှင် စာဖတ်ရန်လိုအပ်ကြောင်း၊ စာအုပ်စာပေက နည်းပညာများနဲ့ IT ထုတ်လုပ်တဲ့ အရာဝတ္တု ပစ္စည်းများထက် ပို၍ကျယ်ပြန့်ကြောင်း စသည်ဖြင့် မိမိတို့ဘဝမှာ အလေးထားဆောင်ရွက် သင့်သည်များကိုသိရှိအလေးထား ဆောင်ရွက်တတ်သွားမည်ဖြစ်ကြောင်း စာဖတ်သူများအနေဖြင့် သုံးသပ်သိရှိရသည်။
ဝေယံ(IPRD)