ကျောက်တော(စံပြ)ကျေးရွာ (CBT)အား ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေးအပ်

နောင်ချို      နိုဝင်ဘာ    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက် တော(စံပြ) ကျေးရွာ ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း Community  Based  Tourism  (ကျောက်တောစံပြCBT) အား ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

လက်မှတ်ပေးအပ်ပွဲကို ဓနုယဉ်ကျေးမှုအကဖြင့်  ဖွင့်လှစ်ခဲ့ပြီး  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်က အမှာစကား ပြောကြားခဲ့ပြီးနောက်  ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း  အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ရာ ကျောက်တော(စံပြ) CBT ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဇနီး ဒေါက်တာစိန်စိန်သိန်း မိသားစု၊ နောင်ချိုကြီး တိမ်ပင်လယ်  Cherry  Hill  Resort  7th   Heaven  Resort   ပိုင်ရှင် ဦးမော်စီ မိသားစု တို့က ကျောက်တော (စံပြ ) CBT အတွက် အလှူငွေများ ပေးအပ်ရာ CBT ကော်မတီအတွင်းရေးမှူး ဦးနိုင်ဝင်းထွန်းမှ လက်ခံရယူပြီး CBT ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ကျောက်တော(စံပြ) CBT ကျေးရွာသည် ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့မှုကို များစွာဖြည့်ဆည်း ပေးစွမ်းနိုင်သည့် နေရာ ဒေသ တစ်ခုဖြစ်ကာ ကိုဗစ်ကာလပြီးသွားပါက ခရီးသွားလုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထွေးငယ် (နောင်ချို  ပြန်/ဆက်)