ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းအား ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ရှေးဦးစွာ ပုသိမ်ကြီး မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်ရေသယ်ယာဥ်များ၊ စက်ကိရိယာများ၊ အရေးပေါ်သုံး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ ကြည့်ရှု၍ မီးသတ်စခန်းရှိ ဝန်ထမ်းလိုင်းခန်းများ၊ လူပျိုဆောင်၊ သီးနှံစိုက်ခင်းနှင့် ငါးမွေးမြူထား ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ ဝန်ထမ်းမိသားစုဝင်နှင့် တရင်းတနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို လှည့်လည်ကြည့်ရှု စစ်ဆေးမှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို သည် မြို့နယ်မီးသတ်စခန်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် တစ်ဦးချင်း မိတ်ဆက်ကာ မိမိတို့ဌာန၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး၊ တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)