မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ငွေကျပ်သန်း ၄၂၀ကျော်ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ  ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ခွင့်ပြုငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၇ ရွာ၊ မလှိုင်မြို့နယ်တွင် ၃ ရွာ၊ သာစည်မြို့နယ် တွင် ၆ ရွာနှင့် ဝမ်းတွင်း မြို့နယ်တွင် ၅ ရွာတို့ကို  ကျေးလက်ရေရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာပြည်ထောင်စုရန်ပုံငွေဖြင့် တွင်းနက် (၉)တွင်း၊ မြေသားရေကန် (၅)ကန်၊ အခြားလုပ်ငန်း(၁)ခုနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တွင်းတိမ်(၁)တွင်း၊ မြေသားရေကန်(၄) ကန်၊ အခြားလုပ်ငန်း (၁)ခု တို့ကို စုစုပေါင်း ခွင့်ပြုငွေကျပ် ၄၂၁.၅သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဖြစ်၍ ကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ ၂၇၇၈ လူဦးရေ ၁၃၈၂၉ ဦးတို့မှာ သောက်သုံးရေအဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)