နေပြည်တော် ဖေဖော်ဝါရီ ၁၃
သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော သူနာပြု၊ သားဖွား ဒီပလိုမာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဓာတ်ခွဲသင်တန်း တက်ရောက်နေသော ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအတွက် နေပြည်တော်ကောင်စီမှ ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သူနာပြုများအနေဖြင့် ပြည်သူကျန်းမာရေးစောင့်ရှောက်မှုတွင် မရှိမဖြစ်သော ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း၊ သူနာပြုလောင်းလျာလေးများအတွက် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း စားရေရိက္ခာများ အဆင်ပြေစေရန်အတွက် နေပြည်တော်ကောင်စီမှ ဆန်၊ ဆီ၊ ကြက်ဥနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သူနာပြုတစ်ယောက်နေဖြင့် တတ်သိနားလည်ရမည့် ပညာရပ်များအားလုံးကို လေ့လာသင်ယူပြီး သင်တန်းပြီးဆုံးပါက မိမိတို့၏ သူနာပြုအတတ်ပညာများဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများပေးရမည်ဖြစ်သဖြင့် အရည်အသွေးနှင့် အရည်အချင်းပါ ပြည့်ဝသည့်အပြင် ပြည်သူလူထုက အားကိုးအားထားပြုရသည့် သူနာပြုဆရာ/ဆရာမကောင်းများ ဖြစ်စေလိုကြောင်း၊ အရည်အသွေးပြည့်ဝပြီး ပြည်သူများက အားကိုးအားထားပြုရသည့် သူနာပြုဆရာ/ဆရာမကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၂၆ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများ ထောက်ပံ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဓာတ်ခွဲသင်တန်း တက်ရောက်နေသော ချင်းတိုင်းရင်းသား/တိုင်းရင်းသူ ၃၁ ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ချင်းတိုင်းသား/ တိုင်းရင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဓာတ်ခွဲသင်တန်း တက်ရောက်နေသော ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအတွက် နေပြည်တော်ကောင်စီမှ ရိက္ခာနှင့်ထောက်ပံ့ငွေများပေးအပ်သည့်အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ နေပြည်တော်ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ ထောက်ပံ့ငွေများကို လက်ရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)