ဇေယျာသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေးဝန်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဟောပြောပွဲအခမ်းအနားတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်းက မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများကို ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူက ဦးဆောင်၍ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)