တာချီလိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

တာချီလိတ် ဖေဖော်ဝါရီ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ကလေးငယ်တစ်ဦး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချိန်ဟာ ကလေးရဲ့ဘဝ အစဦးဆုံးကာလနှစ်များသာဖြစ်သောကြောင့် ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာတွင် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် သင်တန်းမှရရှိလာသော အတွေ့အကြုံဗဟုသုတနည်းပညာတွေကို အသုံးချပြီး မိသားစုပတ်ဝန်းကျင်သို့ ဖြန့်ဝေကာ အနာဂတ်ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထာင်သွားရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မိုင်းယောင်းမြို့၊ မိုင်းဖြတ်မြို့၊ တာလေမြို့များမှ တပ်တွင်းမူလတန်းကြိုကျောင်းများအတွက် ဒေါ်စန္နာထွန်းမှ ပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး သင်တန်းသား သင်တန်းသူများက ရှေးဦးအရွယ်ကလေးသူငယ်ပြုစု‌စောင့်ရှောက်ရာတွင် သင်ကြားပေးမည့် နည်းစနစ်များကို သီချင်း၊ ကဗျာ၊ ပုံပြင်၊ ပြဇာတ်များဖြင့် လက်တွေ့သရုပ်ပြသ ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး စိတ်ပါဝင်စားသူ သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)