မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်

မိုးညှင်း ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးညှင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း (၆၀)ရှိပြီး ဒေသခံတောင်သူများမှ ယခုနှစ်အတွင်း ပဲပုတ်ကို မိုးရာသီနှင့် ဆောင်းရာသီးတို့တွင် စိုက်ပျိုးထုတ်လုပ်ကြလျက်ရှိရာ မိုးရာသီတွင် ပဲပုတ်စိုက်ဧက (၁၃၀၃)ဧကနှင့် ဆောင်းရာသီတွင် လယ်သီးထပ် ပဲပုတ်စိုက်ဧက (၁၂၄၆၀)ဧက စုစုပေါင်း စိုက်ပျိုးဧက (၁၃၇၆၃)ဧက စိုက်ပျိုးထားရှိပြီး ဆောင်ရာသီတွင် အဓိကအားထား စိုက်ပျိုးထုတ်လုပ်ကြလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ဒေသခံတောင်သူများမှ ယခုနှစ်အတွင်း ပဲပုတ်ကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဧကမှာ (၁၁၆၃၄)ဧကရှိပြီး ယခုအခါတွင် လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း၊ တောင်သူများအား ဝင်ငွေများ တိုးပွားလာစေရန်၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများ ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်းနှင့် ပဲပုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)