ဆွမ်ပရာဘွမ်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂နာရီက      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေး နွေးပြောကြားသည်။   

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးလှငြိမ်းက မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွက် ကောက်ကွက်များတွင် စာရင်းစစ်၊ စာရင်းကောက်များ တာဝန်ပေးနိုင်ရေး၊ သင်တန်းများဖွင့်လှစ်ပေးနိုင်ရေး၊ Mobile ဖုန်းနှင့် Tablet များကို အသုံးပြု၍ ကောက်ခံနိုင်ရေးအတွက် နည်းပညာ ကျွမ်းကျင်သော ဝန်ထမ်းများ၊ Volunteer များ ရရှိရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးက စာရင်းစစ်၊ စာရင်းကောက်ရန်အတွက် ဆရာ/ဆရာမများ ရွေးချယ်ထားရှိမှုတို့ကိုလည်းကောင်း၊ တက်ရောက်လာကြသော ကော်မတီဝင်များကလည်း လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့ပေါ်(၃)ရပ်ကွက်နှင့်  ရပ်ကွက်/ကျေးရွာ(၉)အုပ်စုတွင်  စာရင်းစစ် ဆရာ/ဆရာမ(၂)ဦး၊ စာရင်းကောက် ဆရာ/ဆရာမ(၅)ဦး၊ အဖွဲ့အစည်း စာရင်းကောက်(၁)ဦး၊ စိတ်ပါဝင်စားသူ Volunteer(၂)ဦး၊ စုစုပေါင်း (၁၀)ဦးတို့ဖြင့် ကောက်ကွက်(၁၂) ကွက်တို့တွင် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)