တပ်ကုန်း ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပန်းမုန်လာ၊ မုန်ညှင်း၊ ပန်းဂေါ်ဖီ၊ ခရမ်း၊ ခရမ်းချဉ်၊ ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ နံနံပင် စသည့်မီးဖိုချောင်သုံးသီးနှံများကို ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်နံနံပင်ကို ဒသမ ၁၀ ဧက၊ ဒသမ ၁၅ ဧက နှစ်ကွက်တွင် နှစ်ရစ်ခွဲစိုက်ပျိုးထားပါတယ်၊ နံနံပင်စိုက်ကွက်ကိုတော့ ထယ်ရေး၊ ထွန်ရေးအပြင် နွားချေး၊ မြေဆွေးနဲ့ မြေပြုပြင်ပါတယ်၊ အပင်ငယ်များပေါက်လာချိန် နှစ်ပတ်အကြာမှာတော့ အပင်ကြီးထွားအောင် မြေဩဇာထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ရေလေးဂါလံခန့် ရေဖျော်ပြီး လောင်းပေးပါတယ်၊ အပင်များပေါက်လာပြီး ၃၀ ရက်သားအရွယ် စတင်၍ နုတ်ယူရောင်းချလို့ရပါတယ်၊ နံနံပင်ဒသမ ၁၀ ဧကစိုက်ကွက်မှာ စုစုပေါင်းသွင်းအားစုကုန်ကျငွေကတော့ ခုနှစ်သောင်းကျပ်ခန့် ကုန်ကျပါတယ်၊ အရင်က ဒသမ ၁၀ ဧကစိုက်ကွက်ဆိုရင် သုံးသိန်း၊ သုံးသိန်းခွဲလောက် ရောင်းချရပါတယ်၊ ပွဲစားများကတော့ အခင်းပြတ်တွေ လာဝယ်ပါတယ်၊ အခုရက်မှာတော့ နံနံဈေးတွေ ကျဆင်းနေတော့ တစ်ခင်းလုံးကို တစ်သိန်းနှစ်သောင်းကျပ်နဲ့ အခင်းပြတ်ရောင်းချရပါတယ်၊ အမြတ်ငွေကတော့ အရင်းသာသာပဲရပါတယ်”လို့ ညောင်ပင်သာကျေးရွာမှ နံနံပင်သီးနှံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တင်စိုးလွင်