တာလေ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေးအတွက် ဌာနဆိုင်ရာ သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တာလေတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ယာယီတပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ဌာနနှင့် ရပ်ကွက်/ကျေးရွာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တာလေကျောက်စီဂုံးတံတား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ တောင်ယာမီးမရှို့စေရေး ကြပ်မတ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်မှုအခြေအနေများ၊ ခွေးရူးရောဂါကာကွယ်ဆေးနှင့် ကျွဲ၊ နွားများလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များ၊ မြို့အတွင်း ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ကျေးရွာများတွင် မီးရရှိရေးဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြသည်။
ထို့နောက် ယာယီတပ်နယ်မှူးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နယ်မြေဒေသလုံခြုံရေးအတွက် လူဝင်၊ လူထွက်အခြေအနေများအား ပုံမှန်ဧည့်စာရင်းစစ်ဆေး ဆောင်ရွက်သွားရန်၊ တာလေကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ရန်၊ တောင်ယာမီးမရှို့ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရာ၌ သက်ဆိုင်ရာယူနီဖောင်းများအား အပြည့်အစုံဝတ်ဆင်ရန်၊ ပြည်သူများအား ယဉ်ကျေးပျူငှာစွာဆက်ဆံရန်၊ ခြောက်ဘီး၊ ရှစ်ဘီး၊ ဆယ်ဘီး၊ ဆယ့်နှစ်ဘီး ကုန်တင်မော်တော်ယာဉ်များအား မှတ်ပုံတင်စစ်ဆေးဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေသည့် ကာလဖြစ်သည့်အတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်သွားရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)