ထန်းတပင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲကောက်ခံနေမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်ကျေးရွာ(၅၉)အုပ်စု တို့တွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲများကို အောက်တိုဘာ လ(၂၉)ရက်နေ့မှစတင်၍ ကောက်ခံနေပြီး ယမန်နေ့ နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲကောက်ခံနေမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရေဖြူကျေးရွာအုပ်စု၊ ကမြိုင်ကျေးရွာအုပ်စု၊ ကျူတောကျေးရွာအုပ်စု၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ မဲပလီကျေးရွာအုပ်စု၊ ဓာတ်တော်ကုန်း ကျေးရွာအုပ်စု၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ တော်လတဲ့ကျေးရွာအုပ်စု၊ ညွန့်ပေါင်းကျေးရွာ အုပ်စု၊ ကြာမန်းကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာအုပ်စုနှင့် ကလိန်ကျေးရွာအုပ်စုတို့တွင် ကျေးရွာရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ ကြိုတင်ဆန္ဒမဲကောက်ခံနေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်များကိုမှာကြားခဲ့သိရသလို အသက်(၆၀)နှစ်အထက်သက်ကြီး ဘိုးဘွားများ၊ နာမကျန်းဖြစ်သူများ၊ ကိုယ်ဝန် အရင့်အမာရှိသူများနှင့် သားဖွားမိခင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ယခုလို ကြိုတင် ဆန္ဒမဲများကို အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ခံခြင်းဖြစ်ပြီး ကြိုတင်ဆန္ဒမဲကောက်ခံမှုများကို အောက်တိုဘာ (၂၉)ရက် နေ့မှနိုဝင်ဘာလ(၅)ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်း မဲရုံပေါင်း(၁၁၉)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသား (၆၆၁၈၀)ဦး၊ အမျိုးသမီး (၇၄၅၄၃) ဦး စုစုပေါင်း(၁၄၀၇၂၃) ဦး ရှိကြောင်း သိရပြီး အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် (၁၄၂၇၆)ဦး ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)