မန္တလေး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ကျေးရွာ ၂၉၅ရွာ ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း၁၀၀နှုန်း ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တစ်နိုင်ငံလုံးမှာ နှစ်စဉ် လုပ်ငန်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း ဆိုတာရှိပါတယ်၊ တစ်နိုင်ငံလုံး ကျေးရွာ ၃၅၄၀ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါတယ်၊ အဲဒီထဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၂၉၅ ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရပါတယ်၊ တစ်ရွာကို နိုင်ငံတော်ဘတ်ဂျက်ငွေကျပ် သိန်းတစ်ရာ ထောက်ပံ့ပေးသွားမှာပါ၊ ကျေးရွာရဲ့ အခြေခံအဆောက်အဦ လိုအပ်ချက် တွေ ဖြစ်တဲ့ ကျေးရွာတွင်း လမ်းတို့ တံတားတို့ မီးလင်းရေး စတဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦ ဆောက်လုပ်ဖို့အတွက် ခွင့်ပြုပေးသွားတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းကပြောကြားခဲ့သည်။
စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် ကျေးရွာများကို စိစစ်ရွေးချယ်ရာ၌စည်ပင် နယ်နိမိတ်အတွင်း မြို့နယ် ၆ မြို့နယ် ကလွဲပြီး မန္တလေး တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၂ မြို့နယ်အား ပံ့ပိုးရန်လျာထားသော်လည်း ကျေးရွာအုပ်စုများသည့် အမရပူရမြို့နယ်ကိုလည်း ထည့်သွင်းကာ မြို့နယ် ပေါင်း၂၃ မြို့နယ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မန္တလေးတိုင်းဒေသကြီးမှာ ၂၈ မြို့နယ်ရှိတယ်၊ ၆မြို့နယ်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဧရိယာ၊ ကျန်တဲ့ ၂၂မြို့နယ်ရှိ မြို့နယ်တိုင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမှာပါ၊ အရပူရ မြို့နယ်က မန္တလေးစည်ပင် ဧရိယာထဲမှာပါပေမယ့် ကျေးရွာအုပ်စု ၇၀ နဲ့ ကျေးရွာ၁၇၀ လောက်ရှိနေတဲ့အ တွက် အမရပူရကိုလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးရမယ့်ထဲမှာပါတယ်၊ အမရပူရမြို့နယ် အပါအဝင်ဆိုရင် ၂၃မြို့နယ်ဖြစ်သွားပါတယ်၊ တော်တော်လေးထိရောက်တဲ့ စီမံကိန်းဖြစ်ပါတယ်၊ ကျေးရွာ တစ်ရွာကို ထောက်ပံ့ပေးတဲ့ ကျပ်သိန်းတစ်ရာကို သူတို့ရွာကို တိုက်ရိုက် စီမံခန့်ခွဲပိုင်ခွင့်ပေးလိုက်တာပါ၊ ရလာတဲ့ ရန်ပုံငွေကို အကျိုးရှိရှိနဲ့ ကိုယ့်ရွာရဲ့ အကျိုးအတွက်ကို ရပ်ရွာကို ကိုယ်တိုင်ဦးဆောင်ပြီး အများရဲ့ စံနမူနာအဖြစ် ဆောင်ရွက်ပေးသွားကြဖို့ ပြောကြားလိုပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးအနေဖြင့် ကျေးရွာပေါင်း ၈၀၀ ကျော် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်