စစ်တွေ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက် များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ဝန်ထမ်းများသက်သာ ချောင်ချိရေးဆောင်ရွက်ပေးနေသည့်အခြေနေများ၊ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအချိန်တွင် ဌာနဆိုင်ရာများအားလုံးက စည်းစည်းလုံးလုံးဖြင့်နေထိုင်ကြစေလိုကြောင်း၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများကလည်း ပြည်နယ်အတွင်း အေးအေးချမ်းချမ်းဖြင့် နေထိုင်သွားကြစေလိုကြောင်း၊ အားလုံးက မိမိတို့နေထိုင်သောဒေသ၊ မိမိတို့နေထိုင်ခဲ့သောနေရာကို အေးအေးချမ်းချမ်း ဖြစ်စေလိုကြကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများကို ကောင်းကောင်းမွန်မွန်လုပ်ကိုင်ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်းယုံကြည်ပါကြောင်း၊ မိမိတို့အားလုံး၏ စိတ်ထားရည်ရွယ်ချက်များသည် မိမိတို့ဒေသကောင်းအောင်၊ ရခိုင်ပြည် နယ်ကောင်းကျိုး၊ မိမိတို့တာဝန်ယူခဲ့သည့် ဌာနကောင်းအောင်ဆိုသည့် စိတ်ထားဖြင့် ဆောင်ရွက်နေ ကြခြင်းဖြစ်သည့်အတွက် အောင်အောင်မြင်မြင်ကျော်လွှာနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)