မိုးနဲမြို့နယ်၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲဖြေဆိုရာနေရာသို့ ရှမ်းပြည်နယ်လုံးဆိုင်ရာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိမှ လာရောက်ကြည့်ရှုအားပေး

မိုးနဲ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲအား ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ စတင်ကာဖြေဆိုလျက်ရှိပြီး ယမန်နေ့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိမှ လာရောက်အားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်လုံးဆိုင်ရာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိမှ နံနက် ၉နာရီအချိန်တွင် ကြီးကြပ်ကိုယ်တော်များနှင့်တွေ့ဆုံခဲ့ပြီး နံနက် ၁၁နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တကွ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများမှ တည်ခင်းဧည့်ခံသော ဆွမ်း၊ ခဲဘွယ်များကို ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော်ကြီးနှင့် အတူဘုန်းပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်စုရပ်နေရာနှင့် ရွှေကျောင်းတော်စုရပ်နေရာများ၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ  အလယ်တန်းပထမနှစ် ၁၁ပါး၊  မူလတန်းတတိယနှစ် ၆၂ပါး၊ မူလတန်းဒုတိယနှစ် ၁၄၉ပါး မူလတန်းပထမနှစ် ၁၃၈ပါး Kg ၅၅ပါး၊ စာရင်းရှိ ၄၃၅ပါးအနက် စာဖြေသံဃာစုစုပေါင်း ၄၁၅ပါးရှိပြီး ကြီးကြပ်ကိုယ်တော် ၄၁ပါးဖြင့် ကြီးကြပ်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိနှင့်တကွ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်တို့က စာဖြေသံဃာတော်များအား ကြည့်ရှုအားပေးခဲ့ကြပြီး ရှမ်းပြည်နယ်အောက်စ်ဖို့ဒ်ဆရာတော်ကြီးမှ မွန်းလွဲ ၁နာရီခန့်အချိန်တွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)