မန္တလေးမြို့တွင် Fever Clinic Centre အသစ်ကို နိုဝင်ဘာလ ၃ရက်နေ့တွင် ဖွင့်လှစ်သွားမည်

မန္တလေး နိုဝင်ဘာ ၂

ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်း၍ အခမဲ့ ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို နိုဝင်ဘာလ ၃ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

" အခုအခါမှာ နောက်ထပ် Fever Clinic တတိယမြောက်ကို ချမ်းအေးသာစံမြို့နယ်၊ ဗြဟ္မစိုရ်ဝင်းအတွင်းမှာ ဖွင့်မှာပါ။ အဲဒီဆေးခန်းရဲ့ ထူးခြားချက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Fever Clinic တွေကို မကြာခင်မှာ RDT ခေါ်တဲ့ Rapid Diagnostic Test စစ်ဖို့ ဖွင့်ပေးဆိုရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်၊ အခန်းဖွဲ့စည်းမှာလည်း လူနာစမ်းသပ်ခန်း၊ I solution Watch ရှိတယ်၊ ထူးခြားချက်က Swab ယူတဲ့အခါမှာ အဆင်သင့်ဖြစ်ဖို့ အခန်း သုံးခန်းထားပါတယ်၊ ပထမခန်းက Swab ယူတဲ့အခါမှာ Swab ယူသည့် စေတနာ့ဝန်ထမ်း ဆရာဝန်တွေ လုံခြုံမှုအတွက် PPE Level 3 ဝတ်ဖို့ အခန်းတစ်ခန်း၊ အဲဒီ Swab ယူ တဲ့အခန်းမှာ RDT ယူရမှာဖြစ်တဲ့အတွက် (Chain) (ချိန်ဘာ) ဆရာဝန်က အထဲမှာနေမယ် အပြင်မှာနေမယ် ၊ သတ်မှတ်ထားတဲ့ အကာအကွယ်တွေထားမယ်၊ ဆရာဝန်က အတွင်းကနေ လူနာကို Swab ယူပြီး အဲဒီဆရာဝန်က လိုအပ်တဲ့ RDT ကို လုပ်ဆောင်သွားမှာဖြစ်တယ်၊ ဝတ်ထားတဲ့ PPEကို ချွတ်ဖို့ အလွန်အရေးကြီးပါတယ်။ PPE ချွတ်ပြီး လုံခြုံစွာနဲ့ စွန့်ပစ်နိုင်အောင်စီစဉ်ထားပါတယ် အဲဒီအတွက် သီးသန့်အခန်းပါတယ် ၊ အဲဒီအပြင် တာဝန်ယူနေကြတဲ့ စေတနာ့ဝန်ထမ်းဆရာဝန်တွေကို Swab ယူနည်း သင်တန်းကို ဆေးတက္ကသိုလ်(မန္တလေးနည်း သင်တန်းကို အားလုံးတက်ပြီးတော့ Training ဆင်းပြီးတာ ဆရာဝန်တွေ အဆင်သင့်ရှိနေပါပြီ တာဝန်ပေးရင် အချိန်မရွေး လုပ်ဆောင်နိုင်အောင်စီစဉ်ပြီးဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး) COVID-19 Response Team ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ပြောကြားခဲ့သည်။

ယင်းဆေးခန်းကို မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဆေးခန်းတွင် စေတနာ့ဆရာဝန် ၁ဝဦး၊ စေတနာ့ဝန်ထမ်းသူနာပြု ဆရာမ ၂ဦး၊ အခြား Volunteerများ စီစဉ်ထားပြီး ယင်းစေတနာ့ဝန်ထမ်း ဆရာဝန်အများစုမှာ Swab သင်တန်းကို တက်ပြီးသော ဆရာဝန်များဖြစ်ကြောင်း သိရသည်။

“အရင်ကဆိုရင် လူနာတစ်ယောက်လာတယ်ဆိုရင် ဖျားတယ်၊ ခေါင်းဆိုးတာနဲ့တွဲနေတယ်ဆိုရင် သတ်မှတ်ထားတဲ့ ဂိုက်လိုင်းဆိုရင် ဆေးရုံကြီးကို ပို့ရတာဖြစ်တယ်။ အကယ်၍ Fever clinicတွေမှာ RTDနဲ့ စမ်းသပ်လို့ရမယ်ဆိုရင် Negative ထွက်တာနဲ့တစ်ပြိုင်နက် ဘယ်နေပါဆိုပြီး ပြောပြီး ပြန်လွှတ်လို့ရတယ်။ Positive ထွက်တာနဲ့တပြိုင်နက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဂိုက်လိုင်းတွေ ညွှန်ကြားချက်တွေနဲ့ အညီ ဆက်လက် ဆောင်ရွက်မှာပါ။ အဲဒီလို လုပ်ပေးလိုက်ခြင်းဖြင့် ဆေးရုံကြီးတွေမှာ လူနာများတဲ့ကြုံတွေ့မှုတွေ အများကြီးလျော့သွားမယ်။ RDTက နာရီဝက်အတွင်း အဖြေသိတာလေ။ အဲတော့ လာတဲ့လူနာအတွက်လည်း အင်မတန် အကျိုးရှိတယ်။ ဒီကနေ လူနာအမျိုးအစားကို ခွဲခြားပေးလိုက်တော့ လာရောက် ပြသမယ့်သူတွေအတွက် အများကြီးအကျိုးရှိပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

မန္တလေးမြို့မှာ ဖျားနာကုသရေး ဆေးခန်းများကို ချမ်းမြသာစည်မြို့နယ်၊ ၁၀၇လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲမှာ ဖျားနာကုသရေးဆေးခန်း(၁)ကို ဖွင့်ထားပြီး အောင်မြေသာစံမြို့နယ် ၁၂လမ်း၊ ၇၅လမ်းနှင့် ၇၆လမ်း ကြားရှိ အောင်မြေသာစံ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ထိပ်ထားနိုင်