မလှိုင်မြို့၌ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မလှိုင်  ဖေဖော်ဝါရီ   ၁၄

မလှိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကကြီးမှူး၍ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြို့နယ်မိခင်နှင့်ကလေးအသင်းပိုင် မူကြိုကျောင်းမှကလေးငယ်များ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြိုင်ပွဲမစတင်မီ       မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းပြီးနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခွင့်အရေး များကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တတိုးတက်မြင့်မားရန် ဆရာ/ဆရာမများတွင်သာမက မိဘပြည်သူများပါ ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် မိဘများမှပူးပေါင်း၍ အဖက်ဖက်မှ ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းမှ ကလေး ငယ်များက စည်းလုံးခြင်းသည်အင်အားသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကာယစွမ်းရည် ပြိုင်ပွဲအတွက် သားငယ်/သမီးငယ်လေးများက မော်ဒယ်ရှိုးပြိုင်ပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲ အတွက် အကြီးတန်း၊ အငယ်တန်းပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။ ဆက်လက်၍ မူကြိုကလေးငယ်များက တိုင်းရင်းသား ရိုးရာအကများဖြင့် အလှည့်ကျ ဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် သားငယ်သမီးငယ်လေးများအား မြို့နယ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန် ရှိသူများနှင့် မူကြိုကျောင်းတာဝန်ခံဆရာမများက ပထမ၊ ဒုတိယ၊ တတိယဆုရ သားငယ် သမီးငယ်လေးများကို ဆုများချီးမြှင့်ပေးပြီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကလေးငယ်(၅၀)တို့အား တစ်ဦးချင်းဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲသို့မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ဒိုင်အဖွဲ့ဝင်များ၊ မူလတန်းကြိုကျောင်းမှ ဆရာမများ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း အင်အား(၁၂၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)