ချမ်းအေးသာစံမြို့နယ် အနောက်ခင်မကန်တိုက်၊ တိုက်အုပ်၊ မြကုန်းကျောင်း သက်တော်ရှည် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပ

ချမ်းအးသာစံ ဖေဖော်ဝါရီ  ၁၄

ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ၂၇ လမ်း၊ ၉၀×၉၁ လမ်းကြားရှိ အနောက်ခင်မကန်ကျောင်းတိုက်၊ တိုက်အုပ်၊ မဟာမုနိဘုရား ဂေါပကအဖွဲ့ သြဝါဒါစရိယ၊ မြကုန်းကျောင်း သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဣန္ဒာဓိပတိ၊ သက်တော် ၁၀၂ နှစ်၊ သိက္ခာတော် ၈၃ ဝါ ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက် နေပြု့လယ်(၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အန္တိမအဂ္ဂိစျာပန အခမ်းအနားသို့ နိုင်ငံတော်ပရိတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ  ဘဒ္ဒန္တကေသရ အမှူးပြုသည့် ပင့်သံဃာတော် ၇၂ ပါး ကြွရောက်တော်မူကြပြီး ဆရာတော်၏ ဆွေတော်မျိုးတော်များ၊ ဂိလာနပါလအသင်း ဥက္ကဋ္ဌ ဦးအောင်ငွေ(ပဒုမ္မာ ပရဆေး)နှင့် လူမှုရေးအသင်းအဖွဲ့များ၊ တပည့် ဒါယကာ၊ ဒါယိကာမများ၊ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် "သဗ္ဗေသင်္ခါရာ အနိစ္စာတိ" သံဝေဂဂါထာဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၏ ထေရုပ္ပတ္တိဖတ်ကြားခြင်း၊ အပြစ်ရှိက ခွင့်လွှတ်ပါရန် တောင်းပန်လျှောက်ထားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဝေဂပရိသံယုတ္တကထာ ဟောကြားချီးမြှင့်ခြင်းနှင့် အမျှပေးဝေခြင်း၊ ကရဝိတ်ဖောင်တော်ပေါ်သို့ လိုက်ပါကြွရောက်ပါရန် လျှောက်ထားခြင်း၊ "အနိစ္စာဝတသင်္ခါရာ" အစရှိသော သုံးဂါထာ ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

 ထို့နောက် မွန်းလွှဲ (၁)နာရီကျော်တွင် ဆရာတော်၏ ရုပ်ကလပ်တော်အား ကရဝိတ် ဖောင်တော်ဖြင့် ပင့်ဆောင်၍ မြကုန်းကျောင်း လက်ထောက်ဆရာတော် ဉူးတိလောက ပါ သံဃာတော်မျ၊ တပည့် ဒါယကာ၊ ဒါယိကာမများမှ အန္တိမအဂ္ဂိဈာပန ကျင်းပရန် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာရှိ အေးရိပ်ငြိမ်သုဿာန်သို့ ပင့်ဆောင်သွားကြသည်။

ဆရာတော်သည်  ၅.၂.၂၀၂၄ ရက်နေ့ ၁၂၀၀ ချိန်တွင်အဆုတ်ရောဂါ၊ လူကြီးရောဂါတို့ဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

ထွန်းထွန်းနိုင်