နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားဧကများရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့နိုင်ရန်အတွက် စိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စပါးအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အဆင့်မြင့်လယ်ယာများ ဖော်ဆောင်နိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ၊ ကုန်ထုတ်ကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် စပါးများ ဝယ်ယူကြိတ်ခွဲနိုင်စေရေး Contract Farming စနစ်ဖြင့် တောင်သူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်သည့် အမယ်သစ်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်ငန်းများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း၊ နွေစပါးစိုက်ဧကလျာထားချက်များအား ရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)