ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် နေအိမ်နှင့် ကူညီထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် နေအိမ်နှင့် ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆရာ၊ သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီးနောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ယင်းနောက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါမီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် (၁၃၅)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်(၅၄)သိန်း၊ အထူးဒေသ(၆) ပအိုဝ်းငြိမ်းချမ်း‌ရေးအဖွဲ့ (PNO)အသွင်ပြောင်း ပြည်သူ့စစ်ဌာနေမှ ထောက်ပံ့ငွေကျပ်(၁၃၅)သိန်း၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်(၁၀၀၀)သိန်း၊ ရပ်နီး/ရပ်ဝေးရှိ ဒေသခံပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေကျပ်စုစုပေါင်း (၃၀၀၀)သိန်းအား ပြန်လည်ထူထောင်ရာတွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် နေအိမ်တစ်ခုလုံးပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု(၂၇)စုတို့အား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၀၀)သိန်းနှင့် နေအိမ်တစ်စိတ်တပိုင်း ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု(၄)လုံးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၃၀)သိန်းနှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆန်နှင့် နေအိမ်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လုံဟီးကျေးရွာတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးခြင်းနှင့် ဘက်စုံသုံးအလှူငွေများပေးအပ်နိုင်ရေးကို မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပေါင်လင်းအုပ်စု၊ စငေါအုပ်စု၊ နောင်လိုင်အုပ်စု၊ စံဖူးအုပ်စုတို့မှ ကျေးရွာ(၂၉)ရွာရှိ ဒေသခံပြည်သူများစုပေါင်း၍ သစ်အိမ်၊ ဝါးအိမ်၊ သွပ်အိမ်စသည့် နေအိမ်(၂၉)လုံး ပြန်လည်တည်ဆောက်ပေးခဲ့ပြီး နေအိမ်တွင် တည်ထားကိုးကွယ်နိုင်ရန် ဘုရားဆင်းတုတော်များ အနေကဇာတင်၍ ဆရာတော်၊ သံဃာတော်များက နေအိမ်များအထိ ပင့်‌ဆောင်ပူဇော်ပေးခဲ့ပြီး နေအိမ်ပိုင်ရှင်များထံသို့ အိမ်သော့နှင့် ဘက်စုံသုံးအလှူငွေများ ပေးအပ်ခဲ့ကြသည်။

လုံဟီးကျေးရွာတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့်  ၄၀၀ ဗို့ဓာတ်အားလိုင်း (၈) ခန်းအား ပြန်လည်ပြုပြင်ပေးခြင်း၊ နေအိမ်များတွင် လျှပ်စစ်မီးပြန်လည်တပ်ဆင်သွယ်တန်းခြင်းများအား  ဟိုပုံးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ၎င်းနေအိမ်များအတွက် ရေဖြန့်ဝေပိုက်လိုင်းနှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ်ကို ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေကျပ်(၁၁.၄၄)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)