ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံး ဗိုလ်လုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ဗန်းမော် ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်၏ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဘောလုံး ဗိုလ်လုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီခန့်က တက္ကသိုလ်အားကစားကွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေ့လယ်(၂)နာရီခွဲတွင် အမျိုးသားဘောလုံး ဗိုလ်လုပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ပဉ္စမအသင်း ကိုယ်စားပြု အားကစားသမားများနှင့် စတုတ္ထနှစ်အသင်းမှ ကိုယ်စားပြု အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်နေရာယူကာ အားကစားသမားများအား မိတ်ဆက်ပေးပြီး ဗိုလ်လုပြိုင်ပွဲ စတင်ကစားခဲ့ကြရာ စတုတ္ထနှစ်အသင်းက ပထမဆု ဆွတ်ခူးရရှိခဲ့သည်။

ယင်းနောက် ညနေ (၅)နာရီတွင် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ တင်မြင့်နိုင်၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ဇော်ဝင်းအောင် ၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုး ၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာဒေါက်တာ ကျော်တိုးသိန်းနှင့် ဆရာ/ဆရာမများက အမျိုးသားဘောလုံးပွဲ ဒိုင်လူကြီး၊ အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘောလုံး ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ (၆)ရက်နေ့က စတင်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူများ တက်ကြွပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)