ကျောက်ဖြူ ဖေဖော်ဝါရီ ၁၃
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ မြို့မအားကစားဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။
အဆိုပါ အသက် (၁၃) နှစ်အောက် ဖူဆယ်အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖေဖော်ဝါရီလ (၄) ရက် နေ့မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၁၄) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဖေဖော်ဝါရီလ (၁၂)ရက် မွန်းလွဲ (၃) နာရီတွင် တတိယနေရာလုပွဲအဖြစ် စေတီယျ FC အသင်းနှင့် ကြယ်နီ FC အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး စေတီယျ FC အသင်းမှ ကြယ်နီ FC အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲအား တိုက်တန်း FC အသင်းနှင့် အစိုးရ FC အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တိုက်တန်း FC အသင်းက အစိုးရ FC အသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အသက်(၁၃)နှစ်အောက် ပွဲများဖြစ်သည့် ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၂၀) နှစ်အောက် ဘော်လီဘော အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အကောင်းဆုံးဆုရ ကစားသမားများကို တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းပြိုင်ပွဲများ ကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း