တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင် ကြီး    နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရွှေ က အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဦးသန်းဇော်ဦး က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ ၊ မြို့နယ်အလိုက် မဲဆန္ဒနယ်မြေများ ၊ မဲရုံများ  ၊ မဲဆန္ဒရှင်များနှင့် တိုင်းရင်းသားမဲဆန္ဒရှင်များ၏ စာရင်းများ ကို အသေးစိပ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် တောင်ကြီး ခရိုင်အတွင်း ပါဝင်သည့် မြို့နယ်များအနက် မိမိတို့တာဝန်ကျရာမြို့နယ်များ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ယနေ့မှစတင်၍ နိုဝင်ဘာလ(၉) ရက်နေ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပြီးမြောက်သည်အထိ သွားရောက်ကြီးကြပ် ဆောင်ရွက် ကြမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌ ဦးဝင်းရွှနှင့်  အတွင်းရေးမှူး ဦးသန်းဇော်ဦး တို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ် ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် စသည့်  မြို့နယ်(၅) မြို့နယ်တို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၂၆) ခု ၊ လျာထားမဲရုံပေါင်း (၇၂၃)ရုံ ၊ မဲဆန္ဒရှင် ဦးရေ မှာ  ဗမာတိုင်းရင်းသား ( ၂၂၆၁၃၇) ဦး ၊ ကချင်တိုင်းရင်းသား  (၁၀၄၆ ) ဦး ၊ လီဆူးတိုင်းရင်းသား (၁၅၅၇)ဦး ၊ လားဟူတိုင်းရင်းသား (၃၂၃)ဦး ၊ အင်းသားတိုင်းရင်းသား(၁၀၃၃၆၂)ဦး၊ အာခါ တိုင်းရင်းသား (၁၁၉)ဦး ၊ ကယန်းတိုင်းရင်းသား (၄၇၅၄၆)ဦး တို့အပါအဝင် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း(၇၇၈၄၅၁)ဦး ရှိကြောင်း တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး  မှ သိရှိရသည်။

မြင့်သန်းဦး(ပြန်/ဆက်)